Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် ၂၄၈ နှင့် ၂၄၉ တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့် ရရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ ကုန်စည်အမျိုးအစား ၁၈ ခုတို့ကို တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်-

(၁)   အသားနှင့် အသားထုတ်ကုန်များ (Animal and Animal Feed)

(၂)    စားသုံးနိုင်သော ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးထုတ်ကုန်များအပါအဝင်

        ရေထွက်ကုန်များ (Aquatic Products Including edible and Farmed Products)

(၃)   နို့ထွက်ပစ္စည်းများ (Dairy Products)

(၄)   ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ (Nest and Bird’s Nest Products)

(၅)   အစာသွပ်ရန် အသုံးပြုသည့် အပေါ်ခွံအစွပ် (Casings)

(၆)   ပျားရည်နှင့် ပျားထွက်ပစ္စည်း (Bee products)

(၇)   ဥနှင့် ဥထွက်ပစ္စည်းများ (Egg and Egg Products)

(၈)   စားသုံးဆီနှင့် ဆီထွက်ပစ္စည်းများ (Edible Fats and Oils)

(၉)   အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် (သို့မဟုတ်) အေးခဲထားသည့် ထုတ်ကုန်များ (Stuffed Pastry Products)

(၁၀)   စားသုံးနိုင်သော နှံစားသီးနှံများ (Edible Grains)

(၁၁)   သီးနှံကြိတ်ခွဲလုပ်ငန်းမှ ထုတ်ကုန်များနှင့် မုယောစပါး (Grain Milling Industrial Products and Malt)

(၁၂)   လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် တာရှည်ခံအောင်ပြုလုပ်ထားသည့် အခြောက်ခံထားသော ဟင်းသီးဟင်းရွက်များ (Fresh and Dehydrated Vegetables)

(၁၃)   ပဲမျိုးစုံ (Dried Beans)

(၁၄)   ဟင်းခတ်အမွှေးအကြိုင်များ (Seasonings)

(၁၅)   အခွံမာသီးနှင့် အစေ့များ (Nuts and Seeds)

(၁၆)   သစ်သီးခြောက်များ (Dried Fruits)

(၁၇)   မလှော်ရသေးသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ (Unroasted Coffee Beans and Cocoa Beans)

(၁၈)   အထူးအဟာရဖြည့် စားသောက်ကုန်များနှင့် ကျန်းမာရေးဆိုင်ရာစားသောက်ကုန်များ (Food for special dietary purpose functional food)  

ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာ ဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့ဖြစ်ကြပါသည်။ အဆိုပါကုန်စည်အမျိုးအစား ၁၈ အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့်လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ် ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။   

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ ၁၇၂၇ ခုမှ ပေးပို့ထားသည့်စောင်ရေစုစုပေါင်း ၃၅၈၃ စောင်အား မှတ်ပုံတင်ရန်လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၅၅၅ ခု၊ စောင်ရေ ၃၄၁၁ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ ၁၄၉ ခု၊ စောင်ရေ ၁၄၉ စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခု၊ စောင်ရေ ၁၄ စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခု၊ စောင်ရေ ၉ စောင် ဖြစ်ပါသည်။

အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင်ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် https://ciferquery.singlewindow.cn/  ၌ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေး စားသောက်ကုန်စည်အုပ်စု ၇ မျိုးကို ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်-

(၁)   မလှော်ရသေးသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ {Unroasted Coffee Beans and Cocoa Beans}

(၂)    လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် တာရှည်ခံအောင်ပြုလုပ်ထားသည့် အခြောက်ခံထားသော ဟင်းသီးဟင်းရွက်များ {Fresh and Dehydrated Vegetables}

(၃)   ဟင်းခတ်အမွှေးအကြိုင်များ {Seasonings}

(၄)   စားသုံးနိုင်သော နှံစားသီးနှံများ {Edible Grains}

(၅)   ပဲမျိုးစုံ { Dried Beans}

(၆)   ဆီထွက်သီးနှံများ {Oilseeds (Oil Plant)}

(၇)  တရုတ်တိုင်းရင်းဆေးများ {Chinese Traditional Medicines}

အဆိုပါကုန်စည်အုပ်စု ၇ မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင်ရွက် ၍မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ (Competent Authority) ကသာ ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီး စာ(သို့မဟုတ်) Email ဖြင့် [email protected] သို့ ပေးပို့ရမည်ဖြစ်ပါသည်။ သို့မဟုတ် မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။

အဆိုပါ https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့အထိ မြန်မာ နိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် Competent Authority ထောက်ခံချက်လိုသည့်ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ ၁၀၉၂ စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် Manual စနစ်ဖြင့် မှတ်ပုံတင်ပြီးဖြစ်သည့်စာရင်းများကို http://dzs.customs.gov.cn/ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနှင့် Email တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

 

 

                                                                             GACC, ရုံးလုပ်ငန်းအဖွဲ့

                                                                           ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

                                                                      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

                                                            ဖုန်းအမှတ်-၀၆၇-၃-၄၀၈၆၀၅, ၀၆၇-၃-၄၀၈၆၁၇

                                                                   Email: [email protected]

Category: Local News